တစ်အိမ်လုံး “မော်လမြိုင်” ကိုပြောင်းသွားပေမဲ့ သူကျန်ရစ်ခဲ့သည်။
ပုသိမ်မှာ သူ့အတွက် ကဗျာတွေရှိသည်။ သီချင်းတွေရှိသည်။
သူနဲ့ ဆိုးဖက်တေဖက် ဒုက္ခအိုးတွေ အရွယ်စုံရှိသည်။ ပြီးတော့
သူ့မွေးရပ်မြေ။ ၁၉၈၂-၈၃ ကာလတွင် ပုသိမ်ကောလိပ်ရှိ အဆောင်
ညစာစားပွဲများ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲများ၊ နှုတ်ဆက်
ညစာစားပွဲများအားလုံး သူဦးစီးသောShore of Peace ပဲ
ဒိုင်ခံတီးခတ်ခဲ့သည်အထိ သူတို့အုပ်စု အားထုတ်ခဲ့ကြသည်။
၁၉၈၄-၈၅ ခုနှစ်ခန့်တွင် ဖြစ်မည်ထင်ပါသည်။ ပုသိမ်
ရွှေဆိုင်တန်းက sunflower အမည်ရှိ တီးဝိုင်းကိုဦးစီသူ
ကိုအောင်တင်ဦး၊ ကိုအောင်ကျော်ဦး(မောင်ဝိုင်း) တို့နှင့်
သူသီချင်းအရောင်းအဝယ် ဖြစ်ခဲ့လေသည်။

ကိုအောင်တင်ဦးရော၊ မောင်ဝိုင်းရော၊ သူတို့အဖွဲ့ဝင်ကိုအောင်မြင့်ရော၊
အခုတော့ သူ(ကိုကျော်မြင့်လွင်)ပါ မရှိကြတော့ပြီပဲ။ မောင်ဝိုင်းနှင့်
အောင်တင်ဦးတို့အိမ်တွင် ကိုနေဝင်း(မောင့်လပြည့်ဝန်း)က
တည်းခိုအခြေပြုနေသည့်ကာလ ဖြစ်သည်။ ကိုအောင်တင်ဦးက
သီချင်းခွေ အသံသွင်းမည်။ သီချင်းတွေဝယ်မည် ဖြစ်လာသည်။
ဤတွင် ပုသိမ်မြို့ ရှိ တစ်ဦးတည်းသော ခေတ်ပြိုင်သီချင်းရေးသူ
သူ(ကိုသျှပ်)နှင့် အဆင်ပြေခဲ့သည်။ “အခါလွန်တဲ့မိုး” အပါအဝင်
သီချင်း ၄ ပုဒ်ကို ကျပ်တစ်ထောင်နှင့် အရောင်းအဝယ်ဖြစ်ခဲ့လေသည်။
“အခါလွန်မိုး” သည် သူရေးစက သီချင်းနာမည်မရှိသေးချေ။
ပြီးတော့ ဂီတသံစဉ်တွေကလည်း ယခုကဲ့သို့ မဟုတ်သေး။
သံပြိုင်(Chorus) ပိုဒ်တွင်....“ခုတော့ ဝေးကြပြီမေ xxxx
ခုတော့ ဝေးကြပြီလေ xxxx ခုတော့ ဝေးကြပြီ တို့နှစ်ဦးသား xxxx
နှုတ်ဆက်မျက်ရည်လေးများ xx အားလုံးမသိအောင်သိမ်းထား xx
ပန်းကလေး မနွမ်းအောင် xx မိုးစက်ကလေးများအစား သွန်း
လောင်းလိုက်ပါလား ” ဟူ၍ ဖြစ်သည်။ သူ(သျှပ်မှူးကျော်)
အောင်တင်ဦးကို ရောင်းတော့မှ “အခါလွန်းတဲ့မိုး အငြိုးနဲ့ရွာ”
ဟူ၍ ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ ဤ “အခါလွန်တဲ့မိုးအငြိုးနဲ့ရွာ”
ဟူသောသီချင်းစာသားကိုပင် အောင်တင်ဦးက ပြင်ဆင်ချင်သည်
ဆို၍ သူနှင့် အကြီးအကျယ် ပြဿနာ ဖြစ်ခဲ့သေးသည်။
သူသည် သူ့သီချင်း၊ သူ့အနုပညာကို ဘယ်တော့မှ အထိမခံတတ်သူ။
“ ပိုက်ဆံတစ်ပြားမှမရှိဘဲ သိက္ခာရှိချင်သေးသတဲ့” ဆိုသည့် ပုဂ္ဂိုလ်။

လူလည်းပဲသီချင်းရောင်းခ ကျပ်တစ်ထောင်တိတိ။ သူဘာလုပ်မည်
ထင်ပါသနည်း။ ရန်ကုန်စံရိပ်ငြိမ်မှာနေခဲ့စဉ် “ရှုမဝ” မဂ္ဂဇင်းပါ
ကဗျာအတွက် ရသည့်စာမူခ ကျပ် ၁၀ ကို ငွေလွှဲဖြင့် မိခင်ကို
ဦးဦးဖျားဖျား ကန်တော့ခဲ့သည့် လင်းထက်(ဝါ) သျှပ်မှူးကျော်။
ခုတစ်ခါ ဘာလုပ်ခဲ့ပါသလဲ........။

သူချစ်ခင်သူ အားလုံးကိုခေါ်သည်။ ပုသိမ် ငဝန်မြစ်ကမ်းဘေးမှ
ဖွင့်လှစ်ခါစ “သီတာဦး” အမည်ရှိ ရေပေါ်စားသောက်ဆိုင်၏
ဘားတွင်ကြိုက်တာကို ကြိုက်သလောက် သောက်စေခဲ့သည်။
ကျပ် ၁၀၀၀ ဆိုသည်မှာ ထိုကာလက အတော်များသောပမာဏ
ဘီယာတစ်လုံးမှ ၈ ကျပ် ၅၀ ပြား၊ ရမ်တစ်ပက် ၄ ကျပ် ၄၀ ပြား။
ကျပ် ၁၀၀၀ ကို ကုန်အောင် ပျော်ပွဲဆင်ခဲ့သူပါပင်။
မနက်ဖြန်အတွက် သူ ဂရုမစိုက်။ ဒီလိုနှင့် မော်လမြိုင်နှင့်ရန်ကုန်၊
ပုသိမ် ကူးချည်သန်းချည် သွားလာနေခဲ့သည်။ ပုသိမ်က
သူ့တပည့်တွေ၊ သူငယ်ချင်းတွေဆီကို စာတွေမကြာမကြာ
ရေးပို့၊ သီချင်းတွေရေးပို့၊ သူကိုယ်တိုင် နှုတ်ဆက်ပွဲများ
ရှိသည့် ဇူလိုင်၊ သြဂုတ်လများတွင် ပြန်ပြန်ရောက်ရောက်
လာတတ်စမြဲ။ သူပါဝင်တီးခတ်စမြဲ ဖြစ်ခဲ့လေသည်။
ဂီတသည်လည်းကောင်း၊ ဂီတာသည်လည်းကောင်း သူနှင့်
ဘယ်တော့မှ မကင်းကွာခဲ့သူ ဖြစ်လေသည်။

သိမ်းတင်သား
ချစ်စံအိမ်နှင့် ဝေးသွားတဲ့အခါ
ထူးအိမ်သင်ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် စာအုပ်မှ

0 comments:
Post a Comment