ကျွန်တော်နဲ့ ကိုငှက်လို့လူသိများကြတဲ့ ကိုထူးအိမ်သင်ဟာ တကယ်တော့ စာတတန်၊
ပေတဖွဲ့ရေးရလောက်အောင် လက်တွဲဖြစ်ခဲ့ကြတဲ့ ဂီတရောင်းရင်းတွေ မဟုတ်ခဲ့ပါဘူး။

ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် ရိုးရိုးတန်းတန်းသိရုံပဲလားလို့လဲ ပြောလို့မရပါဘူး။
ကျွန်တော် ဂီတနဲ့ပတ်သက်ပြီး ထူးထူးဆန်းဆန်းတွေ လုပ်ပြချင်၊ ကြံစဉ်ချင်တာ
သူကသိသလို သူ့ကိုလဲ ဂီတကို နားလည်တဲ့အဆိုတော်ကြီး၊ အနုပညာရှင်ကြီးဆိုတာကို
ကျွန်တော်လက်ခံပါတယ်။ ဒါကြောင့် တစ်ခါတစ်ခါ အနုပညာအလုပ်တွေ မလုပ်ပဲ
သီချင်းအခွေအတွက်ပဲ တစ်ယောက်ထဲ နားအေးပါးအေးနေတဲ့သူ့ကို စတူဒီယိုမှာ
တွေ့ရတိုင်း (ကိုယ်ကျိုးကြောင့် မဟုတ်ပါ) သူရဲ့ သီချင်းခွေအသစ်တွေ
မထွက်သေးဘူးလား၊ မလုပ်တော့ဘူးလား၊ သီချင်းအသစ်တွေ
ထပ်မရေးဘူးလားလို့ အားမနာနိုင်လောက်အောင်ကို တိုက်တွန်းမိပါတယ်။

တစ်ခါက နဝရတ်စတူဒီယိုရဲ့ ကင်တန်းလေးမှာ ကိုငှက်ကို တစ်ယောက်တည်း
ထိုင်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်လည်း(ဂစ်တာတီးပြီးလို့) အနားယူဖို့

ထွက်လာတုန်းဖြစ်နေတော့ သူ့ကိုပဲ ကိုယ်သိချင်တာ ဒါမှမဟုတ် ကိုယ်နဲ့ပတ်သတ်ပြီး
စကားလက်ဆောင်ပါးလိုက်တဲ့ ပရိသတ်တွေ သိချင်တာတွေကို ပြောရပါတော့တယ်။
မေးရပါတော့တယ်။ (စကားမစပ်)
မေးရပါတော့တယ်။ (စကားမစပ်)
ကျွန်တော့်မှာ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ တစ်ခါတစ်ခါ ကားဘီးလေထိုးရင်းနဲ့
လေထိုးပေးတဲ့ အလုပ်သမားက အဆိုတော်ဘယ်သို့ကို ဘယ်လိုကြိုက်ကြောင်း၊
ဘာပြောချင်ကြောင်း ရင်ဖွင့်ရင်နားထောင်ပေးပြီး အဆိုတော်၊ အနုပညာရှင်တွေ
နေ့တွေ့တိုင်း ပရိသတ်တွေပြောတာကို ဝေဖန်တာကို အဆိုတော်တွေသိအောင်
ပြောပေးပါတယ်။ တစ်ခါတစ်ခါ စတိတ်ရှိုးမှာ အဲဒီအဆိုတော်က ဘယ်သီချင်းကို
မဆိုဘူး ဒါကြောင့် စတိတ်ရှိုးကြည့်ရတာမတန်ဘူးစသဖြင့် ပရိသတ်တွေရဲ့ 
ရင်ဖွင့်သံကို စတိတ်ရှိုးပြီးလို့အပြန်မှာ တချို့ ပရိသတ်တွေက ကိုယ့်ကိုအော်ပြောပြီး
တိုင်ကြတာကိုယ်လဲ တွေ့ဖူးပါတယ်။ ဒါကြောင့် ကိုငှက်နဲ့တွေ့တော့လဲ
သူ့ခွေ(တစ်ကိုယ်တော်) မထွက်သေးဘူးလားမေးတဲ့ ပရိသတ်တွေရယ်
သူ့သီချင်းရိုးရိုးလေးတွေ နားထောင်ချင်တဲ့ ပရိသတ်တွေရဲ့ ပြောဆိုသံတွေရယ်
သူသိအောင် ကျွန်တော်မေးဖြစ်ပါတယ်။

ကျွန်တော်က ကိုငှက် သီချင်းခွေအသစ်မလုပ်သေးဘူးလား ကျွန်တော့်ကို
ကိုငှက်ပရိသတ်တွေက မေးနေကြလို့ သီချင်းအသစ်ရောမရေးဘူးလားလို့
မေးလိုက်ပါတယ်။ သူက ဒီလိုပြန်ဖြေပါတယ်။ ငါသီချင်းရေးဖို့ ကြိုးစားတုန်း
ခံစားလို့မရလို့ မရေးဖြစ်ဘူး။ ဒါကြောင့် တခြားသီချင်းရေးဆရာတွေရဲ့ 
သီချင်းတွေပဲဆိုဖြစ်လို့ ပြန်ဖြေပါတယ်။ သူဖြေတဲ့ အဓိပ္ပာယ်သက်ရောက်သလောက်ပဲ
ရေးပြတာပါ။ သူပြောတဲ့စကားလုံးကတော့ အတိအကျမှန်ချင်မှ မှန်ပါလိမ့်မယ်။

အဲဒီအချိန်တုန်းက “အစိမ်းရောင်နေ့စွဲများ” အခွေထွက်ပြီးလို့ သိပ်မကြာသေးဘူး။
အဲဒါကို ကျွန်တော်က တစ်ကိုယ်တော်အခွေထွက်ဖို့ ထပ်တိုက်တွန်းတော့ ကျွန်တော်
သူ့အခွေအသစ်(အစိမ်းရောင်နေ့စွဲများ) နားမထောင်ရသေးဘူး မေ့နေတယ်လို့
သူထင်နေပုံရတယ်။ ကျွန်တော်ကလဲ စကားစကို မပြတ်ရအောင် ဆက်ပြီးမေးပါတယ်။
ကိုငှက်တစ်ကိုယ်တော်အခွေဆိုတာက ဟိုးအရင်ကထွက်ခဲ့ဖူးတဲ့ “နာရီပေါ်ကမျက်ရည်စက်များ”တို့

“အတ္တပုံဆောင်ခဲ” တို့ “မှော်ဆရာအိပ်မက်” တို့ “သက်ငြိမ်” တို့လို
ကိုငှက်ရေးတဲ့သီချင်းများပါတဲ့အခွေမထွက်ဘူးလားလို့ မေးတာပါလို့ ထပ်ပြီး တစ်ရစ်ရစ်လိုက်ပါတယ်။
သူကတော့ သူ့ထုံးစံအတိုင်း ခပ်ပြုံးပြုံးနဲ့ “ ငါ အသက်ကြီးသွားပြီ...အချစ်အကြောင်း
ရေးရတာ အသက်မပါတော့ဘူး” လို့ ပြန်ဖြေပါတယ်။ ပြီးတော့ “အစိမ်းရောင်နေ့စွဲများ”
ထဲက သီချင်းတွေ ဘယ်လောက်ကောင်းလဲ ဇော်လတ်(မောင်မောင်ဇော်လတ်) တို့
ရွှေဂျော်ဂျော်တို့ မြင့်မိုးတို့ သီချင်းတွေကောင်းတာပဲ။ ဒါတွေကြောင့် ငါသီချင်းမရေးဖြစ်တာပါလို့

သူ့ရဲ့ ရဲဘော်ရဲဘက်တွေကို ချီးကျူးရင်း ပြန်ဖြေပါတယ်။ ကျွန်တော်ကလဲ
ကိုယ်သိချင်တာထပ်မေးဖို့ ရှေ့နေစိတ်နဲ့ နောက်ထပ်မေးခွန်းတစ်ခုထပ်ပြီး
မေးလိုက်ပါတယ်။

ကိုငှက်ရဲ့ အစိမ်းရောင်နေ့စွဲများ နားထောင်ပြီးပါပြီ။ တကယ်ပဲ “မဟာဝီရ အိုဗုဒ္ဓ ” တို့
ဘာတို့ ကောင်းပါတယ်။ သီချင်းရေးဆရာတွေလည်း ကိုငှက်နဲ့လိုက်မယ့်သီချင်းတွေ
ပုံစံရေးပေးကြတာ ကြားရပါတယ်။ ကောင်းလဲကောင်းပါတယ်။ ဒါပေမယ့် ကိုငှက်
ကြိုက်တဲ့ ပုံစံတွေက အတတ်ပညာပိုင်းမှာများသွားတော့ ရိုးရိုးသာမာန်ပရိသတ်တွေထဲက

နားထဲတန်းရောက်သွားမယ့် သီချင်းလေးတွေလည်း နားထောင်ချင်ကြသေးလို့
သီချင်းလေးသက်သေတို့ တစ်နေ့နေတော့ချစ်လာလိမ့်မည်တို့၊ အမေ့အိမ်တို့
ခွင့်မပြုတို့လို သီချင်းလေးတွေလည်း နောက်ထွက်မယ့်အခွေမှာ ကိုငှက်ကိုယ်တိုင်
ရေးစေချင်ပါတယ်လို့.... ပရိသတ်တစ်ချို့ ရဲ့ ကိုယ်စားအားမနာတမ်းတောင်းဆိုမိပါတယ်။

သူက အဲဒီလိုပုံစံမျိုးလေးတွေ ခူဆဲလ်(စောခူဆဲလ်) ရေးတာ တအားကောင်းတယ်ကွ....
ငါရေးလို့မရတော့ဘူးဆိုပြီး ပြန်ဖြေပါတယ်။ ကျွန်တော်က သူ့စကားသူ့အပြောကို
ကြားပြီးမှကိုယ်လိုချင်တဲ့နေရာ ရောက်နေပြီဆိုပြီး ကိုယ်ပြောချင်သမျှ သူ့ကို
(အစ်ကိုတစ်ယောက်လို) အားမနာတမ်း တောင်းဆိုရပါတော့တယ်။
ကိုငှက်ပြောသလို...ကိုခူဆဲလ်ရဲ့ သီချင်းတွေက ကိုခူဆဲလ်စတိုင်လ်နဲ့ ကောင်းတာပါ။
မောင်မောင်ဇော်လတ်ရဲ့ သီချင်းတွေကလည်း မောင်မောင်ဇော်လတ်ပုံစံနဲ့ပဲ
ကောင်းတာပါ။ ကိုငှက်သီချင်းတွေက ကိုငှက်ပုံစံနဲ့ကောင်းတာကြောင့် ကိုငှက်ကိုယ်တိုင်

သီချင်းအသစ်တွေရေးဖြစ်ရင် နားထောင်ရတဲ့ပရိသတ်တွေကလည်း အရင်ကလို
ကိုငှက်ရဲ့ သီချင်းတွေကြိုက်ကြသလို ထပ်ပြီးကြိုက်နှစ်သက်ကြဦးမှာပါ။ ကိုငှက်က
အကြည်ဓာတ်မရှိတော့ဘူးတို့.....လို့သာပြောနေတာပါ။ တကယ်တမ်း ကိုငှက်ရေးချင်တဲ့

စိတ်သာရှိကြည့်ပါ တကယ်ကိုကောင်းဦးမှာပါ။
ဘာကြောင့်ပြောရသလဲဆိုတော့ အခုထွက်ပြီးတဲ့ အစိမ်းရောင်နေ့စွဲများ အခွေထဲမှာ
ကျွန်တော်အကြိုက်ဆုံးသီချင်းကတော့ ကိုငှက်ကိုယ်တိုင်ရေးထားတဲ့
“ပြန်မလာတော့ဘူးကွယ်” ပဲ။ ကိုငှက်သီချင်းမရေးဘူး၊ စိတ်မပါဘူးဆိုပေမယ့်
အဲဒီသီချင်းလေးရဲ့ သံစဉ်အဆွဲအငင်၊ စာသားညီညွတ်မျှတမှုက ကိုငှက်တကယ်
ထပ်ရေးရင်ကောင်းမယ်ဆိုတာ ကျွန်တော်ယုံတယ်။ (တကယ်လည်း ကျွန်တော်
အကြိုက်ဆုံးပါ...ဒီလိုသီချင်းမျိုးကိုတွေ့တဲ့အတွက် ထူးအိမ်သင်ကိုယ်တိုင်ရေးမှ
ရမယ်လို့ ကျွန်တော်ခံစားမိပါတယ်) ။

ဒါကြောင့် ကိုငှက်ရဲ့ အတတ်ပညာပိုင်းအရ မဟာဝီရ အိုဗုဒ္ဓတို့လိုမျိုး သီချင်းတွေ
ဖန်တီးတာကောင်းပေမယ့်၊ အနုပညာပိုင်းအရ ကိုငှက်ရဲ့ သာမာန်အရပ်သား
ပရိသတ်တွေ လမ်းဘေးဂစ်တာသမားလေးတွေ လွယ်လွယ်ကူကူနဲ့ လိုက်တီး
လိုက်ဆိုနိုင်မယ့်သီချင်းရိုးရိုးလေးတွေမျိုးလည်း တစ်ကိုယ်တော်အခွေထဲမှာထည့်ပြီး
ကိုယ်တိုင်ရေးပါလို့ပရိသတ်တွေက ကျွန်တော့်ကို ရင်ဖွင့်နေကြပါတယ်လို့
နိုင်ငံကျော်အဆိုတော်ကြီးသိအောင် အားမနာစတမ်း တောင်းဆိုရပါတော့တယ်။

သူကလည်း အဲဒီတော့မှ ပရိသတ်တစ်ချို့ ရဲ့တောင်းဆိုမှုကို ကျွန်တော်က လာပြောတာ
ကြောင့်အံ့အားသင့်ပြီး လက်ခံခဲ့ပါတယ်။ ရေးဖြစ်အောင်ကြိုးစားမယ်လို့ ယူဆရတဲ့
စကားမျိုးလည်းပြောသွားခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း သူကွယ်လွန်ပြီဆိုတာ
သိလိုက်ရတဲ့နောက်ပိုင်း ကျွန်တော်နဲ့ ပရိသတ်တချို့ လိုချင်တောင့်တတဲ့
သူကိုယ်တိုင်ရေး အချစ်သီချင်း၊ ဘဝနဲ့ဒသနသီချင်းလေးတွေများများပါတဲ့
တစ်ကိုယ်တော်အခွေလေးကတော့ သူရေးတဲ့သီချင်းလေးထဲက စာသားလေးလိုပါပဲ။

“ပြန်မလာတော့ဘူးကွယ်” လို့ နှုတ်ဆက်သွားခဲ့ပါပြီ။ ကျွန်တော်ကြိုက်တဲ့
သီချင်းစာသားလေးကသူ့အတွက် အတိတ်နမိတ်လေး တစ်ခုပါလားလို့လည်း
ခံစားမိလိုက်ပါတယ်။

ကိုငှက် ကောင်းရာဘဝရောက်ပါစေ။
နိုင်ဇော် ( Lazy Club )
ဧပြီလ၊ ၂၀၀၈
ဖက်ရှင်မဂ္ဂဇင်း
ဧပြီလ၊ ၂၀၀၈
ဖက်ရှင်မဂ္ဂဇင်း
0 comments:
Post a Comment